International News

အိန္ဒိယအစိုးရ၏ ရွှေနှင့် လက်ဝတ်ရတနာပစ္စည်းများတင်သွင်းမှု ကန့်သတ်ချက်တွင် အထူးစီးပွားရေးဇုန်များ ပါဝင်ခြင်းမရှိ

Last Updated:

အိန္ဒိယအစိုးရသည် နိုင်ငံ၏ကုန်သွယ်မှုလိုငွေပြမှုကို ကုစားရန်ရည်ရွယ်၍ ရွှေနှင့်လက်ဝတ်ရတနာပစ္စည်းများတင်သွင်းမှုကို စတင်ကန့်သတ်ခဲ့ကြောင်း သိရသည်။ အိန္ဒိယသွင်းကုန်လုပ်ငန်းများအနေဖြင့် ရွှေဖြင့်ပြုလုပ်ထားသော လက်ကောက်၊ ဆွဲကြိုးနှင့် ဘယက်များကဲ့သို့ လက်ဝတ်ရတနာပစ္စည်းများကို တင်သွင်းလိုပါက အစိုးရ၏ခွင့်ပြုချက် သို့မဟုတ် သွင်းကုန်လိုင်စင်ရယူရန် လိုအပ်ကြောင်း အိန္ဒိယနိုင်ငံခြားကုန်သွယ်မှုအထွေထွေညွှန်ကြားမှုဦးစီးဌာန (DGFT) က ထုတ်ပြန်ခဲ့သော အမိန့်ကြော်ငြာစာ၌ ဖော်ပြထားသည်။

သို့သော် အဆိုပါသွင်းကုန်ကန့်သတ်ချက်တွင် အိန္ဒိယ-UAE လွတ်လပ်သောကုန်သွယ်မှုစာချုပ်အရ UAE နိုင်ငံမှတင်သွင်းသည့် ရွှေသတ္တုများက ကင်းလွတ်ခွင့်ရရှိကြောင်း သိရသည်။ မကြာသေးမီလများအတွင်းက အိန္ဒိယသွင်းကုန်လုပ်ငန်းများက မူဝါဒရေးရာအားနည်းချက်အပေါ်အခွင့်အရေးယူ၍ အင်ဒိုနီးရှားနိုင်ငံမှ ရွှေသတ္တုများကို အစိုးရထံ အခွန်အခပြည့်မှီအောင် ပေးသွင်းခြင်းမရှိဘဲ အများအပြားတင်သွင်းခဲ့ကြောင်း သိရသည်။

တစ်ဖန် အဆိုပါသွင်းကုန်ကန့်သတ်ချက်အသစ်တွင် အထူးစီးပွားရေးဇုန်(SEZs)များလည်း အကျုံးဝင်ခြင်းမရှိကြောင်း DGFT က ရှင်းလင်းပြောကြားခဲ့သည်။ ယခုလ ၁၂ ရက်နေ့က အစိုးရမှ ထုတ်ပြန်ကြေညာခဲ့သည့် အဆိုပါရွှေဖြင့်ပြုလုပ်သော လက်ဝတ်ရတနာပစ္စည်းများတင်သွင်းခွင့် ကန့်သတ်ခြင်းအပေါ် အထူးစီးပွားရေးဇုန်များ၌ လုပ်ငန်းလည်ပတ်လျက်ရှိသော သွင်းကုန်လုပ်ငန်းများက စိုးရိမ်မကင်းဖြစ်လျက်ရှိရာ၊ အကောက်ခွန်စည်းကမ်းများအရ SEZ များသည် နိုင်ငံခြားနယ်နိမိတ်များဖြစ်သည့်အတွက် အဆိုပါ SEZ များရှိ လုပ်ငန်းများမှတင်သွင်းသော သွင်းကုန်များအပေါ် ယခုကြေညာလိုက်သော တင်သွင်းခွင့်ပိတ်ပင်ကန့်သတ်မှုက သက်ရောက်ခြင်းမရှိဟု DGFT ရှင်းလင်းဖော်ပြခဲ့သည်။

ယခုဘဏ္ဍာနှစ် ဧပြီလနှင့်မေလအတွင်း အိန္ဒိယနိုင်ငံမှ ပုလဲ၊ အဖိုးတန်ကျောက်မျက်နှင့် တစ်ဝက်တစ်ပျက်အဖိုးတန်ကျောက်မျက်ရတနာများတင်သွင်းမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄ ဘီလီယံခန့်ရှိပြီး၊ ယခင်နှစ်ကာလတူကထက် ၂၅ ဒဿမ ၃၆ ရာခိုင်နှုန်းကျဆင်းခဲ့သည်။ အလားတူ ရွှေသတ္တုတင်သွင်းမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄ ဒဿမ ၇ ဘီလီယံရှိပြီး ၄၀ ရာခိုင်နှုန်းခန့်လျော့ကျခဲ့ကြောင်း သိရသည်။ အဆိုပါကာလတူရှိ အိန္ဒိယနိုင်ငံ၏ကုန်စည်သွင်းကုန် စုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၀၇ ဘီလီယံရှိပြီး ၁၀ ဒဿမ ၂၄ ရာခိုင်နှုန်းကျဆင်းခဲ့သည်။ ကုန်စည်ကုန်သွယ်မှုလိုငွေပြမှုမှာ အမေရိကန်ဒေါ်လာ ၃၇ ဒဿမ ၂၆ ဘီလီယံရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူတွင် အမေရိကန်ဒေါ်လာ ၄၀ ဒဿမ ၄၈ ဘီလီယံရှိခဲ့ရာ လျော့ကျခဲ့ကြောင်း သိရသည်။

အိန္ဒိယအစိုးရအနေဖြင့် နိုင်ငံ၏ကုန်သွယ်မှုလိုငွေပြမှုကို ကုစားရန်ရည်ရွယ်၍ ယခင်က လွတ်လပ်စွာတင်သွင်းခွင့်ရှိသော ရွှေဖြင့်ပြုလုပ်သည့် လက်ဝတ်ရတနာပစ္စည်းများတင်သွင်းခွင့်ကို ပိတ်ပင်ကန့်သတ်ခဲ့ခြင်းဖြစ်သည်။ တစ်ဖက်တွင် အစိုးရ၏မူဝါဒအားနည်းချက်အပေါ် အခွင့်အရေး ရယူခဲ့သော သွင်းကုန်လုပ်ငန်းများအပေါ် ဒဏ်ခတ်လိုက်ခြင်းဟုလည်း သုံးသပ်မိပါသည်။ တစ်ဖန် အထူးစီးပွားရေးဇုန်များမှလုပ်ငန်းများက တင်ပြလာမှုအပေါ် အစိုးရက ချက်ခြင်းတုံ့ပြန်ဆောင်ရွက်ပေးခဲ့သည်ကိုလည်း တွေ့ရှိရပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံမှ ရွှေထည်နှင့်လက်ဝတ်ရတနာပစ္စည်းများကို အိန္ဒိယနိုင်ငံသို့ တင်ပို့ရောင်းချလျက်ရှိသော လုပ်ငန်းများအနေဖြင့် ယခုထုတ်ပြန်ကြေညာချက်အပေါ် သတိပြုဆောင်ရွက်သင့်ပါကြောင်း သုံးသပ်ရရှိပါသည်။

ရည်ညွှန်း

Trade Promotion Council of India၊ “India implements import restrictions on gold jewellery”၊ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်

The Economic Times၊ “Import restrictions on gold jewellery not applicable for SEZ units”၊ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်

(ကောင်းထွဋ်‌အောင်၊ စီးပွား‌ရေးသံမှူး၊ ‌ကော်လ်ကတ္တားမြို့)

                                                                                             

 

Category: International News